မော်ကျွန်း

Photo from Mawkyuntharmyar (facebook)


မော်လမြိုင်ကျွန်းမြို့ သမိုင်းဦး

ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး ၁၈၅၂ခုနှစ်၊ဒီဇင်ဘာလ ၂၁ရက်နေ့ နံနက်ခြောက်နာရီတွင် ရန်ကုန်မြို့ ၌ ဘုရင်ခံချုပ်လော့ဒ်ဒါလဟိုဇီ၏ ကိုယ်စား ကပ္ပတိန်အာသာဖယ်ယာက “ပဲခူးနယ်ကို ဗြိတိသျှတို့ကသိမ်းယူ လိုက်ကြောင်း” ဝိတိုရိယဘုရင်မကြီး၏အမိန့်စာကိုဖတ်ကြားကြေငြာခဲ့သည်။ သို့ဖြစ်ရာ ထိုအချိန်မှစ၍ ထိုစဉ်က ပဲခူးနယ်ဟုခေါ်သောအောက်မြန်မာနိုင်ငံသည်ဗြိတိသျှကိုလိုနီဘဝ ရောက်ရှိခဲ့ရသည်။အောက်မြန်မာနိုင်ငံတွင် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့ပါဝင်သည်။ကပ္ပတိန်ဖယ်ယာသည် အောက်မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ရှင်တော်မင်းကြီးဖြစ်သည်။

ကိုလိုနီတစ်ခေတ်လုံး မော်လမြိုင်ကျွန်းမြို့သည် ဧရာဝတီတိုင်း၊မြောင်းမြခရိုင်အတွင်း တည်ရှိခဲ့သည်။သို့ သော်လည်း ၁၈၅၂ခုနှစ်အချိန်က မော်လမြိုင်ကျွန်းမရှိသေး။မတည်ဆောက်ရသေးပေ။ထိုအချိန်က မြို့နေရာတွင် သစ်လုပ်ငန်းလုပ်ကိုင်သူများ၊ကြိမ်လုပ်ငန်းလုပ်ကိုင်သူများနှင့် ရေလုပ်ငန်းလုပ်ကိုင်သူများ နေထိုင်ရာတံငါရွာကလေးသာရှိပြီး ပတ်ဝန်းကျင်၌ထူထပ်လှသောသစ်တောကြီးများသာရှိသည်။ ဗြိတိသျှတို့ အောက်မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီး၂၈နှစ်အကြာတွင်မှ မော်လမြိုင်ကျွန်းပေါ်ပေါက်လာခဲ့သည်။ ထိုသို့ပေါ်ပေါက်ခဲ့သောအချိန်ကား ၁၈၈၀ပြည့်နှစ်ဖြစ်ပါသည်။သို့သော် ထိုအချိန်ကမြို့အသွင်၊မြို့အဆင့်သို့ ပီပီပြင် ပြင်ရောက်ရှိမလာခဲ့သေးပေ။

မြို့အသွင်သို့ ပီပီပြင်ပြင်မရောက်သေးသော်လည်းထိုအချိန်က မော်လမြိုင်ကျွန်းသည်-

    အောက်မြန်မာနိုင်ငံ၏မြို့တော်ဖြစ်သော ဝန်ရှင်တော်မင်းကြီးရုံးစိုက်ရာ ရန်ကုန်မြို့ နှင့်လည်းကောင်း၊
    မန္တလေးစာပို့သင်္ဘောကြီးဆိုက်ကပ်ရာ၊အညာကုန်များ ဖြန့်ဖြူးရာအထက်ဘက် ညောင်တုန်းမြို့နှင့်လည်း ကောင်း၊
    မော်လမြိုင်ကျွန်းအောက်ဘက်လှိုင်းဘုန်းနှင့်လည်းကောင်း၊
    အနောက်ဘက်ရှိ ခရိုင်ဝန်ရုံးစိုက်ရာ မြောင်းမြနှင့်လည်းကောင်း

ရေကြောင်းခရီးဖြင့်ဆက်သွယ်သွားလာရန်လွယ်လည်းလွယ်ကူသည်။လမ်းဆုံလည်းကျသည်။သို့ဖြင့်အညာကုန်၊ အောက်ကုန်များရောင်းဝယ်စည်ကားလာခဲ့သည်။

ထို့ကြောင့်မြို့အသွင်သို့မရောက်ရှိသေးမီ ၁၈၉၅ခုနှစ်မှာပင် မော်လမြိုင်ကျွန်း၌ပထမဆုံးဈေးရုံကြီး(ယခု မြို့မဈေး) ကိုတည်ဆောက်ခဲ့သည်။ မော်လမြိုင်ကျွန်း၏အရှေ့ဘက်တွင် ဧရာဝတီမြစ်၏ မြစ်ခွဲတစ်ခုဖြစ်သော ရာဇူဒိုင်မြစ်ရှိသည်။မော်လမြိုင် ကျွန်းသည် ရာဇူဒိုင်မြစ်ကိုမျက်နှာမူကာ ရာဇူဒိုင်မြစ်နှင့်တုံးလှဲချောင်းဆုံရာ ကျွန်းထိပ်တွင်တည်ဆောက်ထားသော မြို့ဖြစ်သည်။ယင်းသို့ ကျွန်းထိပ်တွင်တည်ဆောက်ထားသဖြင့် မြို့ဆိပ်ကမ်းနှစ်ဖက်မြင်ဖြစ်၍ ဆိပ်ကမ်းအနေဖြင့် သာယာလှပပါသည်။ ရာဇူဒိုင်မြစ်ကိုမျက်နှာမူကာ တုံးလှဲချောင်းကိုထောင့်မှန်ထားပြီး မြောက်ဘက် (၁)လမ်းမှ တောင်ဘက် (၁၅)လမ်းထိအကွက်ရိုက်တည်ဆောက်ထားသောကြောင့်မြို့အနေအထားမှာ အကွက်အကွင်းကျသည်။မြို့၏ တောင်ဘက်စွန်းကျသော(၁၅)လမ်းမှာ တုံးလှဲချောင်းကမ်းနဖူးတွင် တုံးလှဲချောင်းနှင့်မျဉ်းပြိုင်ဖောက်လုပ်ထား သောလမ်းဖြစ်ပါသည်။ ၁၈၉၉ခုနှစ်တွင် မော်လမြိုင်ကျွန်းသည်မြို့အသွင်မြို့အဆင့်သို့ရောက်ရှိလာခဲ့သောလည်း မြို့နယ်အဆင့် ထိ သီးခြားဖွဲ့စည်းထားခြင်းမဟုတ်ပေ။ ဝါးခယ်မမြို့နယ်နှင့်ပူးပေါင်းဖွဲ့စည်းနေရသောအဆင့်သာရှိသေးသည်။ ထို့နောက် ၁၉၀၃ခုနှစ်ကျမှ သာလျင် မော်လမြိုင်ကျွန်းသည် ဝါးခယ်မမှ ခွဲထွက်ကာသီးခြားမြို့နယ်တစ် နယ်အဖြစ်တည်ဆောက်ခဲ့သည်။ထိုအချိန်က မြောင်းမြခရိုင်အတွင်း၌လည်း မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲနှင့် မော် လမြိုင်ကျွန်းဟူ၍ မြို့နယ်လေးခုသာရှိသေးသည်။ မြို့အသွင်သို့ ပီပီပြင်ပြင်ရောက်ရှိလာပြီးနောက် ၃နှစ်အကြာ ၁၉၀၁ခုနှစ်တွင် မော်လမြိုင်ကျွန်းမြို့၌ ကျေးရွာပေါင်း၁၂၉ရွာရှိလာသည်။ မြို့နယ်လုံးရှိ လူဦးရေမှာလည်း ၆၇၉၃၁ယောက် ရှိလာသည်။ သို့သော် မြို့အသွင် မြို့အဆင့်သို့ ရောက်ရှိလာသည့်တိုင်အောင် မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ လူဦးရေမှာကား ၁၇၈၂ယောက်မျှသာ ရှိသေးသည်။
စီးပွားရေး

အထက်ကဖော်ပြခဲ့သည့်အတိုင်းမြို့အဆင့်သို့ မရောက်ရှိသေးသည့်၁၈၉၉ ခုမတိုင်မီက မော်ကျွန်းမြို့၏ တောင်ဘက်အခိျု့ဒေသများ`၌တောကြီးများဖုံးအုပ်လျက်ရှိသော်လည်း တောကြီးများကိုတစ်စ တစ်စခုတ်ထွင် ကာ စပါးစိုက်ပျိုးလုပ်ကိုင်လာကြသည်။ ထို့ကြောင့်လည်း ၁၉၀၃/၁၉၀၄ခုနှစ်တွင်မူ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း စပါးစိုက်ပျိုးမှုဧရိယာမှာ ၂၇၃ မိုင်ကျယ်ဝန်းလာခဲ့ပါသည်။ ယင်းမှရရှိသောလယ်ခွန်တော်ငွေပေါင်းမှာလည်း၂၈၅၀၀၀/ ဖြစ်သည်ဟု ဧရာဝတီ တိုင်းမင်းကြီးက သူ၏အစီရင်ခံစာတွင်ဖော်ပြထားပါသည်။ မော်လမြိုင်ကျွန်းမြို့သည် သမိုင်းဦးအချိန်ကာလကပင် မြောင်းမြခရိုင်အတွင်း ကူးသန်းရောင်းဝယ်ရန် သွားလာဆက်သွယ်ရေးအတွက်လမ်းဆုံကျသောမြို့ဖြစ်သော်လည်း အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်ပါသည်။ ထို့ကြောင့်လည်း မြို့၏တစ်ဖက်ကမ်းများဖြစ်သောရာဇူဒိုင်မြစ်နှင့် တုံးလှဲချောင်းဘေးတစ်လျှောက်တွင်ဆန်စက် ကြီးများအစီအရီဝန်းရံလျက်ရှိသည်ကိုတွေ့ရပေမည်။

ဧရာဝတီသည်မြန်မာပြည်၏ စပါးကျီဟုဆိုစမှတ်ပြုရလောက်အောင်ဆိုစမှတ်ပြုရသောတိုင်းဖြစ်သကဲ့သို့ ဧရာဝတီတိုင်းအတွင်းတွင်လည်း မော်လမြိုင်ကျွန်းမြို့နယ်၏ဆန်စပါးအထွက်နှုန်းသည် ပထမတန်းမှနေရာယူ လျက်ရှိနေပါသည်။

ဗြိတိသျှကိုလိုနီခေတ်နှင့်လွတ်လပ်ရေးခေတ်တို့`၌ မော်လမြိုင်ကျွန်းမြို့နယ်သည်ဆန်စပါးအထွက်နှုန်းတွင် ပထမတန်းမှနေရာယူခဲ့သလို ဆိုရှယ်လစ်စီးပွားရေးကိုတည်ဆောက်နေသောယခုအချိန်တွင်လည်း ဆန်စပါးမျှသာ မကတော့ဘဲ ဂုန်လျှော်၊မြေပဲ၊နှမ်း၊ နေကြာနှင့် ပဲအမျိုးမျိုးကိုပါ စိုက်ပျိုးနေပြီဖြစ်ပါသည်။
ပညာရေး

မော်လမြိုင်ကျွန်းမြို့နယ်`၌ယခင်က နှမ်းစိုက်ပျိုးလေ့မရှိပေ။စတင်စိုက်ပျိုးလာသည်မှာလည်းအချိန်ကာလ မကြာသေးပေ။အချိန်ကာလ မကြာသေးသော်လည်း မော်လမြိုင်ကျွန်းမြို့နယ်မှာ နှမ်းထွက်နှုန်းမြင့်မားမှုကြောင့် ၁၉၈၃ ခုနှစ်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ချီးမြှင့်သည့်ဆုကိုပင် ဆွတ်ခူးရရှိခဲ့ပါသည်။

မော်လမြိုင်ကျွန်းမြို့မ ကျောင်းကြီး(ယခု အထက-၁)ကို မြို့အဆင့်သို့ရောက်ရှိပြီး ၃၄နှစ်အကြာ၁၉၃၃ခုနှစ် တွင်တည်ဆောက်ခဲ့ရာ ယခုအချိန်တွင် စိန်ရတုကာလပင်ကျော်လွန်ခဲ့ပြီဖြစ်သည်။မော်လမြိုင်ကျွန်းသည်အရင်းရှင် လူ့ဘောင်သစ်အတွင်းပေါ်ပေါက်ခဲ့သလို ကျောင်းတော်ကြီးမှာလည်းကိုလိုနီပညာရေးဘောင်အတွင်းတွင် မွေးဖွား လာခဲ့ရပါသည်။

သို့သော် မော်လမြိုင်ကျွန်းမြို့၏ အထက ကျောင်းတော်ကြီးသည် သမိုင်းခေတ်များကိုဖြတ်သန်းလာပြီး ယခုအချိန်ထိ ပညာများကိုဖြန့်ဖြူးနေသော မော်လမြိုင်ကျွန်းမြို့သူ မြို့သားများ၏ မိခင်ကြီးသဖွယ်ခန့်ထည်စွာ ရပ်တည်လျက် တာဝန်ကျေပွန်နေပါသေးသည်။

မော်လမြိုင်ကျွန်းမြို့သည် ယခုအချိန်တွင်မြို့သက်တမ်းနှစ်ပေါင်း (၁၀၀)ကျော်ခဲ့ပြီဖြစ်သည်။၁၉၉၉ခုနှစ် တွင် မော်လမြိုင်ကျွန်းမြို့ နှစ်တစ်ရာပြည့်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်ကို မှတ်မိနေပါသည်။ မော်လမြိုင်ကျွန်းဟူသောအမည်မှာ ယခင်က မြို့တည်နေရာတွင် ဒေါင်းများနေထိုင်သည်ကိုအစွဲပြု၍ “မောရမြိုင် ကျွန်း” ဟုခေါ်ဆိုခဲ့ရာမှ ခေတ်ကာလရွေ့လျောရာတွင် မော်လမြိုင်ကျွန်းဖြစ်လာခဲ့သည်ဟု လူကြီးသူမများပြော သည်ကိုကြားခဲ့ဖူးပါသည်။
တည်နေရာ

မည်သို့ပင်ဖြစ်စေ မော်လမြိုင်ကျွန်းသည် မကျယ်ပြောလှသော်လည်း၊ ခေတ်ရှေ့ပြေးလောက်အောင်မဖွံ့ဖြိုး လှသော်လည်း သာယာ၍နေချင်စဖွယ်မြို့လေးတစ်မြို့ဖြစ်ပါသည်။ယခင်က ဧရာဝတီတိုင်း၊မြောင်းမြခရိုင်အတွင်း တည်ရှိသော်လည်း ၂၀၀၈ခုနှစ်၊နာဂစ်လေမုန်တိုင်းကြီးတိုက်ခတ်ပြီးချိန်တွင် လပွတ္တာခရိုင်အတွင်းသို့ပြောင်းခဲ့ သောမော်လမြိုင်ကျွန်းမြို့သည် အရှေ့ဘက်ရာဇူဒိုင်မြစ်နှင့် တောင်ဘက်တုံးလှဲချောင်းတို့မှ မြို့၏လေးဘက်လေး တန်အားရစ်ခွေစီးဆင်းနေသောကြောင့် ရေပတ်လည်ဝိုင်းရံလျက်ရှိသောကျွန်းလေးသဖွယ်သာယာလှပါသည်။

အခြားမြို့များမှ ရေလမ်းခရီးဖြင့်လာလျင် မြို့အဝင်တွင် “မော်လမြိုင်ကျွန်းမြို့” ဟူသောဆိုင်းဘုတ်ကြီးအား ဦးစွာတွေ့ရမည်ဖြစ်သည်။ထို့နောက် ပြည်တော်အေးမြို့ဦးစေတီအားဗောဓိညောင်ပင်ရိပ်တွင် ဆည်းလည်းသံချွင် ချွင်ဖြင့် ကြည်ညိုဖွယ်ရာဖူးတွေ့ရမည်ဖြစ်သည်။မြို့၏တစ်ဘက်ကမ်းတွင် မြန်မာပြည်၏အဓိကစားနပ်ရိက္ခာဖြစ် သော ဆန်စပါးကြိတ်ခွဲရာ ဆန်စက်ကြီးများသည် မော်လမြိုင်ကျွန်းမြို့၏ဆန်စပါးအထွက်နှုန်းကိုသက်သေပြနေ ပါသည်။

မြို့ထဲသို့ဆက်လက်လေ့လာလျင် စံနစ်ကျလှပသောမြို့ကွက်အနေအထား၊ မြို့အရှေ့ဘက်ခြမ်းတွင်ရှိ မြို့မဈေးရုံကြီး နှင့်အောင်သာယာဈေး၊ မြို့၏အနောက်ဘက်တွင်ဗိုလ်ချုပ်ဈေး တို့ရှိပါသည်။မော်လမြိုင်ကျွန်းမြို့ တွင်လူနေရပ်ကွက်(၁၃)ခုရှိပါသည်။ ယခုအခါ မြို့၏အရှေ့ဘက်ရာဇူဒိုင်မြစ်မှ သောင်ထွန်းသောသောင်မြေနေရာ များအားမြို့ကွက်များရိုက်၍ လူနေအိမ်များစတင်တည်ဆောက်နေထိုင်နေကြပါပြီ။

ယခင်က ၁၉၃၃ခုနှစ်တွင် မြို့မ အထက (ယခု အထက-၁)ကျောင်းကြီးကိုစတင်ဆောက်လုပ်ခဲ့ရာမှ ယခု အခါ မြို့တွင်းတွင် အထက ကျောင်းနှစ်ကျောင်းနှင့် အလက၊အမက ကျောင်းများဖြင့် ပညာရေးကဏ္ဍတွင်လည်း အထိုက်အလျောက်ဖွံ့ဖြိုးတိုးတက်နေခဲ့ပြီဖြစ်သည်။ အထက်ဖော်ပြပါ မြို့မ အထက(အထက-၁) ကျောင်းတော် ကြီးသည်ကား သမိုင်းခေတ်အဆက်ဆက်ကိုဖြတ်သန်း၍ ပညာရဲရင့်ပွဲလယ်တင့်ကြသောမော်လမြိုင်ကျွန်းမြို့သား များကိုနှစ်စဉ်မွေးထုတ်ပေးခဲ့သည်မှာ စိန်ရတုကာလပင်ကျော်လွန်ခဲ့ပြီဖြစ်ပါသည်။ ထိုကျောင်းတော်ကြီးမှပင် မြို့ နယ်ဂုဏ်ဆောင်ခဲ့ကြသော အသိပညာရှင်၊အတတ်ပညာရှင်များ၊ အနုပညာရှင်များကိုလည်းများစွာမွေးထုတ်ပေး နိုင်ခဲ့ပြီးဖြစ်ပါသည်။ ကျောင်းတော်ကြီး၏ အရှေ့ဘက်တွင် မြန်မာနိုင်ငံ၏လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းအားဂုဏ် ပြုတည်ဆောက်ခဲ့သော လွတ်လပ်ရေးပန်းခြံရှိပါသည်။ ထိုမှ ဆက်သွားလျှင် မော်လမြိုင်ကျွန်းမြို့၏ တန်ခိုးကြီး တာသတိံသာမြတ်စွာဘုရားကြီးအပါအဝင် လောကသကျမာရဇိန်ကျေးဆင်းတုဘုရားကြီး၊ နှစ်ကျိပ်ရှစ်ဆူဆု တောင်းပြည့်ဘုရားကြီးတို့ကိုဖူးမျှော်နိုင်ပါသည်။ မော်လမြိုင်ကျွန်းမြို့၏ တာဝတိံသာမြတ်စွာဘုရား ဝါကျွတ်ပွဲတော်သည်လွန်စွာစည်ကားသောအထင်ကရ ပွဲတော်တစ်ခုဖြစ်ပါသည်။ ပွဲတော်ကျင်းပသောရက်မှာ နှစ်စဉ်သီတင်းကျွတ်လဆန်း ၁၄ ရက်မှ သီတင်းကျွတ်လ ပြည့်ကျော် ၁ရက်နေ့အထိဖြစ်ပြီး ဘုရားပွဲတော်သို့ အမြို့မြို့အနယ်နယ်မှ ဇာတ်အဖွဲ့များ၊ဈေးသည်များ အပြင် ဘုရားဖူးဧည့်သည်များလာရောက်ကြသဖြင့် လွန်စွာစည်ကားသောပွဲတော်တစ်ခုပင်ဖြစ်ပါသည်။ ထို့ပြင် ရာသီအလိုက်အားကစားပွဲများကိုလဲ မော်လမြိုင်ကျွန်းမြို့၏ အားကစားကွင်း၊အားကစားရုံများတွင် နှစ်စဉ်ကျင်းပပါသည်။ လွတ်လပ်ရေးနေ့အားကစားပြိုင်ပွဲများနှင့်ဆုပေးပွဲများအပြင် ကျေးရွာအဆင့်ဘောလုံးပြိုင်ပွဲ များ၊ မြို့နယ်အဆင့်ဘောလုံးပြိုင်ပွဲများကျင်းပခြင်းဖြင့် အားကစားသမားကောင်းများကိုမွေးထုတ်ပေးခဲ့ရာ မော်လမြိုင်ကျွန်းမြို့နယ်မှ အရှေ့တောင်အာရှ ရွှေတံဆိပ်ဆုရှင်လက်ဝှေ့အားကစားသမားများ၊အလေးမအားက စားသမားများထွက်ရှိခဲ့ပါသည်။

မော်လမြိုင်ကျွန်းမြို့နယ်သည် အထက်မှာဖော်ပြသကဲ့သို့ ဆန်စပါးအဓိကထွက်သောစိုက်ပျိုးရေးမြို့ဖြစ်ပါ သည်။မော်လမြိုင်ကျွန်းမြို့နယ်တစ်လျှောက်ကျေးရွာများမှ စိမ်းသော၊ဝါသောလယ်ကွင်းပြင်များသည်မြို့၏ဆန် စပါးစိုက်ပျိုးမှုကိုဖော်ပြနေသကဲ့သို့ ဧရာဝတီတိုင်းအား အဘယ့်ကြောင့် မြန်မာပြည်၏စပါးကျီဟုခေါ်ဆိုရသည်ကို သက်သေပြနေသကဲ့သို့ရှိပါသည်။ သမိုင်းခေတ်အဆက်ဆက်ကို နှစ်ပေါင်းတစ်ရာကျော်ဖြတ်သန်းလာသောမော်လမြိုင်ကျွန်းသည် နှစ်ပေါင်း ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ ဆက်သွယ်ရေးအချက်အချကျသော်လည်း ယခင်က ရေလမ်းကိုသာအဓိကအသုံးပြုရသောမော်လမြိုင်ကျွန်းမြို့သည် နာဂစ်မုန်တိုင်းအလွန်ကာလတွင် ရာဇူဒိုင် ၁ နှင့် ၂ တံတားကြီး နှစ်စင်းအပါအဝင် တံတားငယ်များစွာ တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်၍ မြို့သူ/မြို့သား များ ပညာရေး၊ရောင်းဝယ်ရေး စသည့်တိုးတက်ရေးများအတွက်ဆက်သွယ်မှုပိုမိုလွယ်ကူခဲ့ပြီဖြစ်ပါသည်။ ယခင်က ကျေးရွာအုပ်စု (၁၀၁)ခုမှ ယခု ၁၀၈ခုသို့ တိုးမြှင့်ခဲ့ပြီး မြို့နယ်ကျယ်ဝန်းလာသည်နှင့်အမျှ ဆန်စပါး၊ရေလုပ်ငန်းစ သောအရင်းအမြစ်များလည်းပိုမိုထွက်ရှိလာနိုင်ပြီဖြစ်ပါသည်။ထို့ပြင် ယခင်ပြည်သူ့ဆေးရုံကြီးအားရွှေ့ပြောင်း၍ ခုတင် ၁၀ဝဆန့် ခေတ်မီဆေးရုံသစ်ကြီးအဖြစ် ၂၀၁၁ခုနှစ် နှစ်ဦးပိုင်းတွင်ပြောင်းလဲဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါသည်။


[၁]
ကိုးကား

    ↑ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မော်လမြိုင်ကျွန်းမြို့၊ စိန်ရတုအထိမ်းအမှတ်မဂ္ဂဇင်းမှ

1 comments:

  1. မော်ကျွန်းသမိုင်းစာအုပ်ကို ဗိုလ်ချုပ်လမ်း ကိုကျော်ကျာ်ဆီမှာရှိတယ် (ရန်နိုင် ဘတ္ထရီး အားသွင် ရွှေသမင် ဗီဒီယို ယုံဘေးကအိမ်မှာ ကျွန်တော်ဆီက ငှါးပြီး ပြန်မပေးတဲ့လူပေါ့ )

    ReplyDelete